ကိုကိုးကျွန်း စက်တင်ဘာ ၇
ကိုကိုးကျွန်းမြို့နယ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ပထမအခေါက်ခရီးစဉ်ကို သူရိယ စန္ဒာဝင်း ကုမ္ပဏီပိုင် MV CHARITES ရေယာဉ်ဖြင့် ရေယာဉ် ဝန်ထမ်း(၁၃) ဦး အပါအဝင် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစု(၃) ဦး၊ မီးလင်းရေး စီမံချက်အတွက် ကုမ္ပဏီဝန်ထမ်း(၄၃)ဦးနှင့် ခရီးသည်(၂၀)ဦး၊ စုစုပေါင်း(၆၆) ဦးတို့ လိုက်ပါလာကြသည်။
ခရီးစဉ်တွင် လိုက်ပါမည့်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ Corona virus Disease 2019 (covid-19) နှင့် ပတ်သက်၍ (၂)ရက်ကြိုတင် သတ်မှတ်ထားသော Quarantine Centre တွင်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မူမရှိစေရေးအတွက် ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်၌ ကိုကိုးကျွန်းမြို့နယ်သို့ ဆိုက်ရောက်သည့် ရေယာဉ်ဖြင့် လိုက်ပါလာသော ခရီးသည်(၆၆)ဦးအား အပူချိန် တိုင်းခြင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ၍ Mask စနစ်တကျ တပ်ဆင်ခြင်းစသော အသိပညာပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုကိုးကျွန်း(ပြန်/ဆက်)