နတ်တလင်း ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancopharm) ပထမအကြိမ် ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က သတ်မှတ်ထားသောစုရပ်နေရာများ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးမှတ်တမ်း ရေးသွင်းစေခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် နာရီဝက်ခန့်စောင့်ကြည့်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းမှတ်တမ်းများကို ပြန်လည်ပေးအပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ ကျေးစာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Myancopharm)ကို ပထမအကြိမ်အဖြစ် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၁၈၉၄)ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းအောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)