ဆင်ပေါင်ဝဲမြို့နယ်၌ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ဆင်ပေါင်ဝဲ ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အနေဖြင့် ၂၀၂၂-ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ "ဆင်ပေါင်ဝဲမြို့နယ်အနေဖြင့် ဇူလိုင်လနောက်ဆုံးပတ်တွင် သရက်ခရိုင်၌ ကျင်းပပြုလုပ်မည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ အရည်အချင်းရှိသည့် ပြိုင်ပွဲဝင်များအား ရွေးချယ်ထားရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲဝင်များအ​​​နေဖြင့် သတ်မှတ်ထားသည့် ပြိုင်ပွဲဝင်ဘာသာရပ်များအား ကြိုတင်လေ့လာနိုင်ရန်နှင့် လိုအပ်သည့်ကိစ္စရပ်များအား မိမိတို့ကော်မတီဘက်မှ တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း"စသည်ဖြင့်ပြောကြားသွားသည်။

၂၀၂၂-ခုနှစ်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပြိုင်ပွဲအဆင့်(၅)ဆင့်သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်ဘာသာရပ်များအနေဖြင့် အဆိုပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ အကပြိုင်ပွဲ(အမျိုး သား၊ အမျိုးသမီး)၊ အရေးပြိုင်ပွဲ(အမျိုးသား၊အမျိုးသမီး)နှင့် အတီးပြိုင်ပွဲများတွင် သတ်မှတ်ဘာသာရပ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်းနှင့် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)