ကျုံပျော် ဇွန် ၉
ဇွန်လ ၁၂ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကလေးအလုပ်သမားပပျောက်ရေးနေ့ (WDACL) အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီ အချိန်က ပြုလုပ်သည်။
ထိုသို့ Talk Show ရိုက်ကူးရာတွင် ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ကလေးအချို့သည် အန္တရာယ်ရှိပြီး ဘေးဖြစ်စေနိုင်သော အလုပ်များကို လုပ်ကိုင်နေရပြီး ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာတို့တွင် ထိခိုက်နစ်နာခြင်းများ ရှိသောကြောင့် အများပြည်သူ သိရှိစေရန် Talk Show ရိုက်ကူးရခြင်းဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မိုးမင်းသန်းက ကမ္ဘာပေါ်တွင် ကလေးအလုပ်သမားဦးရေ များပြားနေမှုများ၊ ၎င်းကလေးသူငယ်များ၏ ခံစားခွင့် ဆုံးရှုံးနေမှုများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကာ ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်နေမှု၊ အားလုံးပူးပေါင်းပါဝင်ရေး တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ကမ္ဘာပေါ်တွင် ကလေးအလုပ်သမား ဦးရေ သန်း (၁၅၀) ကျော်ရှိနေပြီး ထက်ဝက်ခန့်မှာ အန္တရာယ်ရှိသော၊ ဘေးဖြစ်စေနိုင်သော အလုပ်များကိုလုပ်ကိုင်နေရကြောင်း၊ ၎င်းအခြေအနေများကို မျက်ကွယ်ပြုထားပါက ကောင်းမွန်သည့်အနာဂတ် အလုပ်သမား လုပ်အားမှာ ကျဆင်းလျော့ကျနိုင်ဖွယ်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများကို စိုက်ပျိုးရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့တွင် အများဆုံးတွေ့ရှိရကြောင့်ဖြင့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)