မကျီးတော ကျေးရွာတွင်  မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ရေဦး ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ မကျီးတောကျေးရွာရှိ နေအိမ်တစ်လုံးတွင် ယမန်နေ့ နံနက်(၉)နာရီခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆာမူအဲလ်နှင့်အတူ သ‌န္ဓေမီးသတ်တပ်ဖွဲ့၀င်များသည် မီးငြှိမ်းသတ်ယာဉ် နှစ်စင်းနှင့်အတူ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် (၁၀)နာရီ (၁၇)မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းမှုမရှိခဲ့ဘဲ သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ခံနေအိမ်(၁)လုံး၊ သွပ်မိုး၊ ကျောက်ပြားကာ ပရပ်ဆောင်(အဖီ)နှင့် မီးဖိုဆောင်(၁)ခုတို့ မီးလောင်ဆုံးရှုံးခဲ့ရပြီး လူနှင့် အခြားတိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် ထိုသို့ မီးကိုပေါ့ဆစွာ သုံးစွဲခဲ့သူအား ရေဦးမြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းသန်း (ပြန်/ဆက်)