ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး ဇွန် ၉

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ  ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။

ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် အသက်(၅)နှစ်နှင့် အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းပြင်ပ ကလေးသူငယ်များအား ကျောင်းအခြေပြု ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ လျာထားချက်အတိုင်း ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ် အထိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ  ကျောင်းနေပျော်ရေးအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် အခြေခံလိုအပ်ချက်များ ပေးကြရန် လိုကြောင်း၊ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ၇.၆.၂၀၂၂ ရက်နေ့အထိ အသက်(၁၀) နှစ်အထက် ရည်မှန်းအုပ်စုများ၊ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အထိ ပြင်ပလူငယ်များ၊ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ချင်းပြည်နယ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းနှင့် မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုကို VMIS စနစ်ဖြင့် စာရင်းရေးသွင်းမှုနှင့် ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြ သည်။

ထို့နောက် စစ်ဗျုဟာအဖွဲ့အခြေချ(ဟားခါး)မှ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီးစောထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံမှုအား ပညာရေးဌာနမှ VMIS စနစ် ရေးသွင်းရမည့်ကိစ္စနှင့် လုံခြုံရေးဆိုင်ရာများကို အကြံပြု ဆွေးနွေးကြသည်။

 ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က မြို့နယ်အလိုက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန် / ဆက် )