ငပုတော ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ် နှင့် အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့ ညနေပိုင်းက ဝန်ထမ်းများစုပေါင်းအဖွဲ့က မြို့အဝင်လမ်းတစ်လျှောက်နှင့် မဂ္ဂင်လမ်းမကြီးတို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငပုတောမြို့ ဗိုလ်ချုပ် ပန်းခြံအတွင်း ပန်းအလှပင်များ စိုက်ပျိုးခြင်းနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်မောင်နိုင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ စုပေါင်းအဖွဲ့က ငပုတောမြို့တွင်းရှိ ဗိုလ်ချုပ် ပန်းခြံအား ဒေသခံပြည်သူများ စိတ်အေးချမ်းစွာ အပန်းဖြေနိုင်ရေးအတွက် ပန်းခြံအတွင်း ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ မြို့တွင်း လမ်းဘေး(ဝဲ၊ ယာ)များ၌ ပန်းအလှပင်များ စိုက်ပျိုးနိုင်ရေးအတွက် ပျိုးဥယျာဉ်ခြံတွင် ပျိုးထောင်ထားရှိသော ပန်းအလှ ပျိုးပင်များကို ရေဖျန်းခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြ သည်။
ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ငပုတောမြို့အား မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ရပ်ကွက်များအတွင်း အမှိုက်ကင်းစင်ရေးအတွက် သန့်ရှင်းရေး ဝန်ထမ်းများက နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် သန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည့်အပြင် ရပ်ကွက်နေပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရန် အတွက် အမှိုက်သိမ်းယာဉ်ဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ အမှိုက်များသိမ်းဆည်း ပေးခြင်းကိုလည်း အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ(ငပုတောပြန်/ဆက်)