ပန်းတနော်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်

ပန်းတနော် ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ လုပ်ဆောင်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးက ကလေးအလုပ်သမားပပျောက်ရေး သိကောင်းစရာ အကြောင်းအရာများအား ပြည်သူများအနေဖြင့် ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် Online မှတစ်ဆင့် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ယမင်းသူမှ မည်သည့်ကလေးကိုမျှ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့်ပြုခြင်း မပြုရ၊ အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် ကလေး၏ အသက်သည် (၁၄)နှစ်အောက် မငယ်စေရ၊  ဘေးအန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းအမျိုးအစား လုပ်ငန်းခွင်များကို သက်ဆိုင်ရာ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမား အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး သတ်မှတ်ထားရမည်၊ ဥပဒေနှင့် အညီ ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခွင့်ရရှိရေး၊ အလုပ်လုပ်ကိုင်ခွင့်ရရှိသော ကလေးသူငယ်များအား ကာအိန္ဒြေ ပျက်ပြားစေမည့် အပြုအမှု အပြောအဆိုအပါဝင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ရပိုင်ခွင့်များ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး စီမံဆောင်ရွက်ရမည်ဖြစ် ကြောင်း စသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ အား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)