ရေကြည် ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း တေဇာသီရိခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးသန်းမော်က လူငယ်များဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန်၊ ကလေးငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက် လာစေရန်နှင့် လူငယ်များ သိရှိလိုက်နာရမည့် အချက်များကို ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က လူငယ်နှင့် ရည်မှန်းချက်ခေါင်းစဉ်ဖြင့် ကျောင်းသား/သူများ အနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့် လူမျိုး အကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး ယခု အရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးက အားကစားပြုလုပ်ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများအား သိရှိလာစေရန်နှင့် စာအုပ်စာပေများအား လေ့လာဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အထက(၁)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)