အုတ်တွင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

အုတ်တွင်း ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြသည့် အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကြက်သွန်ခင်း ၂ တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားလျက်ရှိသော မူလတန်းအဆင့်အသက်(၅)နှစ်မှ (၁၂)နှစ်အထိကျောင်းသား ကျောင်းသူများအား ပညာသင်ယူခွင့်  အခွင့်အလမ်းများရရှိလာစေရန်၊  ရောဂါကူးစက်ပြန့်ပွားမှုကိုတားဆီးနိုင်ရန်နှင့်  ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှုအလျင်အမြန်ရရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးရန် အဖွဲ့ ၂၀ ဖြင့် ဖွဲ့စည်းဆောင်ရွက်ပေးပြီး အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့်ကျောင်းသား၊ ကျောင်းသူများအားလိုအပ်သည့် ကူညီမှုများဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ပေးကြောင်းသိရသည်။

ခင်ခင်မာ (ပြန်/ဆက်)