ဆိပ်ဖြူ ဇွန် ၈
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် စီမံကိန်းက ၂၀၂၂ ခုနှစ် မိုးစပါး ပျိုးထောင်ရေများကို ဇွန်လ ၈ ရက်နေ့မှ စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီတွင် မိုးစပါး ၁၀၂၀၀ ဧက စိုက်ပျိုးရန်လျာထား ဆောင်ရွက် လျက်ရှိပြီး အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် စိုက်ပျိုးဧရိယာ တွင် မိုးစပါး ၅၂၀ ဧက၊ အခြားသီးနှံ ပဲမျိုးစုံ နေကြာ ၆၈၀ ဧကစုစုပေါင်း ဧက ၁၂၀၀ စိုက်ပျိုးရေပေးဝေသွားမည်ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (မြစ်ရေတင်) က ဒေသခံ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အတွက် စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ၏ စားနပ်ရိက္ခာဖူလုံရေး၊ ဈေးကွက်ဝင်သီးနှံများ သီးထပ်သီးညှပ်စိုက်ပျိုးခြင်းဖြင့် မိသားစု ဝင်ငွေတိုးပွားစွာရရှိနိုင်ရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းများတွင်အဓိက လိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေပြည့်ဝစွာရရှိရေးကို ဆောင်ရွက်ပေးလျက် ရှိပြီး ၂၀၂၂ခုနှစ် မိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြစ်ရေတင် ရေခေါ်မြောင်း ပွန်တွန်းမှ ပင်မမြောင်းမကြီး၊ ထပ်ဆင့်ရေတင်(၂)ခု ၊လက်တံမြောင်း (၁၀) ခုတို့မှ မိုးသီးနှံစိုက်ပျိုးရေ စတင် ပေးလွှတ်လျက်ရှိကြောင်း၊ မိုးသီးနှံစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းရေး စိုက်ပျိုးရေ ရယူသုံးစွဲနိုင်ရေး အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (မြစ်ရေတင်) မှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ မိုးစပါး ပျိုးထောင်ရေနှင့် မိုးသီးနှံအတွက် စိုက်ပျိုးရေများ စတင်ပေးနေမှုလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (မြစ်ရေတင်) မှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းထွန်းနှင့် အောက်ဆိပ်မြစ်ရေတင် တာဝန်ခံအင်ဂျင်နီယာဦးဇော်မြင့်ဝင်းတို့က အသိပေးရှင်းလင်း ပြောကြား ပေးပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီအရာရှိ ဦးဇော်မင်းနိုင်က တောင်သူများအတွက် ဧရာမင်းနှင့် ဆင်းသုခ မျိုးကောင်းမျိုးသန့်စပါးများ ဖြန့်ဝေ ဆောင်ရွက်မည့်လုပ်ငန်းများ၊ မိုးစပါးနှင့် အခြားသီးနှံများ အထွက်နှုန်းမြင့်မားတိုးတက်ရေး စိုက်ပျိုးရေးနည်းပညာများ ဆောင်ပေးရွက်မည့် အခြေအနေများ ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေး ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက ဒေသဝမ်းစာ ဖူလုံရေးနှင့် စားနပ်ရိက္ခာ၊ စားသုံးဆီဖူလုံစေရေး နေကြာတိုးချဲ့စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းရေးတို့ကို အလေးထားစိုက်ပျိုးဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး ရေပေးဝေရေး လုပ်ငန်းများ၊ စိုက်ပျိုးရေ ရယူစိုက်ပျိုးရေးလုပ်ငန်းများအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး မြစ်ရေတင် လုပ်ငန်းမှ ရေတင်ဆောင်ရွက်ပေးနေမှု လုပ်ငန်းများကိုကြည့်ရှုခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)