ရေဖြူ၌ ယခင်နှစ်ထက် ဒူးရင်းသီးစျေးနှစ်ဆနီးပါးကျဆင်း

ရေဖြူ ဇွန် ၈

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဒူးရင်းသီးများ ယခုနှစ်တွင် လှိုင်လှိုင်ထွက်ပေါ်လာ၍ ဒူးရင်းသီးစျေးမှာ ယခင်နှစ်ထက် ထက်ဝက်နီးပါးကျဆင်းကြောင်း သိရသည်။

ဒူရင်းသီးစပေါ်ချိန် ဧပြီလတွင် အလုံးကြီးတစ်လုံး ၁၀,၀၀၀/-ကျပ်အထိ ရောင်းခဲ့ရပြီး လက်ရှိအချိန်တွင် အလုံးကြီးတစ်လုံးကို ၄၀၀၀/-ကျပ်၊ ၃၀၀၀/-ကျပ်လောက်သာ စျေးရရှိကြောင်း ဒူးရင်းသီးအလတ်စားနှင့် အငယ်စားမှာ ၂၀၀၀/-ကျပ်ကနေ ၁၀၀၀/-ကျပ် စျေးလောက်သာ ဝယ်ယူရရှိကြောင်း ဒူရင်းသီးရောင်းချသူ ကပြောသည်။

မနှစ်က ဒူးရင်းသီးစျေးမှာ တစ်လုံးလျှင် ၃၀၀၀/- ကျပ်အထိ အနည်းဆုံးရရှိခဲ့ပြီး ယခုနှစ်လောက် အထွက်မများ ကြောင်း၊ ဒီနှစ်က ဒူးရင်းသီးလှိုင်လှိုင်ပေါ်လာတဲ့အချိန်မှာ ၅၀၀/- ကျပ်တန်အထိ ချရောင်းကြကြောင်း သိရသည်။

ရေဖြူမြို့နယ်ထွက် ဒေသအသီးမှာ ကျေးရွာအနှံ့အပြားက ထွက်ရှိပြီး ယခုနှစ်အတွင်း ယိုးဒယားမျိုးကိုင်းဆက် ဒူးရင်းသီးလည်း စိုက်ပျိုးသူများပြီး စျေးနှုန်းချိုသာစွာဖြင့် ရောင်းချ နေခြင်းကြောင့်ဖြစ်သည်။ ရေဖြူမြို့နယ်တွင် စျေးများ၊ ရပ်ကွက်များနှင့် ရေး-ထားဝယ် ကားလမ်းမတစ်လျှောက်တွင် ဒူးရင်းသီးများ ရောင်းချလျက်ရှိသည့် အပြင် ကားဖြင့်လည်း လှည့်လည်ရောင်းချကြကြောင်း သိရသည်။

ရေဖြူ (ပြန်/ဆက်)