ပြည်နယ်နှင့် တိုင်း‌ဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းကိုယ်စားပြု ရိုးရာခြင်းလုံး တိုက်ကွမ်ဒိုနှင့် ဘော်လီဘောအသင်းများ၏ သရုပ်ပြပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး

ပုသိမ် ဇွန် ၈

ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းကိုယ်စား ပြု ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒိုနှင့် ဘောလီဘောအသင်းများ၏ သရုပ်ပြပွဲအား ယမန်နေ့ နံနက် ၉ နာရီအချိန်က ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက  ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းကိုယ်စားပြု ရိုးရာခြင်း လုံး၊ တိုက်ကွမ်ဒိုနှင့် ဘော်လီဘောအသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် မိတ်ဆက်ပေးပြီး သရုပ်ပြပွဲအား ဆက်လက်ပြုလုပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ကိုယ်စားပြု မြန်မာ့ရိုးရာခြင်းလုံးခတ် အမျိုးသား၊ အမျိုးသမီး အသင်းက သရုပ်ပြဝိုင်းဖွဲ့ခတ်ကစားခြင်း၊ တိုက်ကွမ်ဒိုအသင်းမှ အမျိုးသား၊ အမျိုးသမီး အတွဲလိုက် ပြိုင်ပွဲဝင်ပုံစံကကွက် ပြသခြင်း၊  အမျိုးသား အတိုက်စွမ်းရည် ပြသခြင်းများနှင့် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော အသင်းများက သရုပ်ပြကစားခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ မြန်မာ့ရိုးရာခြင်းလုံးအသင်းတွင် အမျိုးသား၊ အမျိုးသမီး ၂၀ ဦး၊ တိုက်ကွမ်ဒို အသင်းတွင် အမျိုးသား၊ အမျိုးသမီး ၂၃ ဦးနှင့် ဘော်လီဘောအသင်းတွင် အမျိုးသား၊ အမျိုးသမီး ၃၀ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ညနေပိုင်းတွင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြုင်ပွဲ များသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒို၊ ဘော်လီဘောအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ဧရာရွှေဝါခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများမှ အုပ်ချုပ်၊ နည်းပြ၊ အားကစား သမားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး တိုင်းဒေသကြီး ကိုယ်စားပြု အသင်းများ ကိုယ်စား တိုက်ကွမ်ဒိုအသင်း အုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များ အား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  “မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများအားလုံးကို ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း မြို့နယ်၊ ခရိုင်အလိုက် ပြိုင်ပွဲများကျင်းပ၍ တိုင်းဒေသကြီးအဆင လက်ရွေးစင် အားကစားသမားများ ရွေးချယ်၍ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ အသင်းလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အပေးအယူအချိတ်အဆက် မိမိ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ယှဉ်ပြိုင်ကစားကြရန်၊ လေ့ကျင့်မှု၊ နည်းစနစ်ကောင်းမွန်မှု၊ ကြံ့ခိုင်မှုများဖြင့် ပေါင်းစပ်ဆောင်ရွက်ပြီး ဆုတံဆိပ်များ ရရှိအောင် ကြိုးစားကြရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၏ ဆုဖလားများအား ရရှိအောင် စွမ်းဆောင် နိုင်ပါစေကြောင်း” တိုက်တွန်းပြောကြားပြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး ကိုယ်စားပြု ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒို၊ ဘော်လီဘောအသင်းများအား အောင်နိုင်ရေးအလံနှင့် ချီမြှင့်ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်၊ နည်းပြ၊ အားကစား သမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)