CB BANK ဓါးပြမှု ကျူးလွန်ခဲ့သူများအား တရားခံများအား စွန့်စွန့်စားစားဖမ်းဆီးခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကိုဂုဏ်ပြု

ဘားအံ ဇွန် ၈

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ CB ဘဏ်ခွဲ(၂)ကို ဓါးပြတိုက်မှုကျူးလွန်ခဲ့သူများအား အချိန်တိုနာရီပိုင်းအတွင်း စွန့်စွန့်စားစား ဖမ်းဆီးခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေ ပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမှာစကားပြောကြားရာတွင် ဘားအံမြို့ရှိ CB ဘဏ်ခွဲ (၂) ဓားပြတိုက်ခံရမှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ တရားခံများကို နာရီပိုင်းအတွင်း စွန့်စွန့်စားစား ဖမ်းဆီးနိုင်ခဲ့သည့်အပြင် လုယက်ယူဆောင်ခြင်းခံရသည့် ဘဏ်မှငွေများပြန်လည်ရရှိခဲ့သည့်အတွက်  ကရင်ပြည်နယ အစိုးရအဖွဲ့နှင့် CB BANK တို့မှ ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ သတင်းလက်ဦးမှုရရှိပြီး ပိတ်ဆို့တားဆီး ချိတ်ဆက်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်း၍ ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ်၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် အမြဲတမ်းအသင့်ဖြစ်နေ စေရန် ကြိုတင်ပြင်ဆင်ထားကြဖို့လိုကြောင်း ပြောကြား သည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး ခင်ဇော်နှင့် CB BANK မှ တာဝန်ရှိသူတစ်ဦးတို့က တရားခံများအား စွန့်စွန့်စားစားပူးပေါင်းဖမ်းဆီးခဲ့ကြသည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့တို့အား ဂုဏ်ပြုဆုငွေကျပ် (၁၇၂) သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးနှင့် CB BANK မှ တာဝန်ရှိသူတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)