တောင်တွင်းကြီးမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အထူးရဲ (၂၈၄)ဦး ခန့်အပ်သွားမည်

တောင်တွင်းကြီး စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၂၈၄) ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် လျာထားမဲရုံ(၂၈၄) ရုံရှိပြီး မဲရုံလုံခြုံရေးအတွက်အထူးရဲ (၂၈၄) ဦးကို ခန့်အပ် သွားမည်ဖြစ်ကြောင်း၊ အထူးရဲများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာကော်မရှင်ခွဲ၊ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ နယ်မြေခံရဲတပ်ဖွဲ့အနေဖြင့် ရွေးကောက်ပွဲကာလတွင် မဲဆန္ဒရှင်များအား မဲမပေးနိုင်အောင် နှောက်ယှက် ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နှင့် ကိုက်(၅၀၀) အတွင်း အသံချဲ့စက်များ ဆူညံစွာ ဖွင့်လှစ်မှုမရှိစေရေး၊ မူးယစ်သောက်စားရမ်းကားမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးတင်မောင်ညိုထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)