ဝါးခယ်မ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အခြေခံပညာကျောင်းများ၌အသက် ၅ နှစ်မှ ၁၂ အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျုံမငေးမြို့စျေး အ.မ.က ကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ဇွန်လ ၃ ရက်နေ့မှစတင်ထိုးနှံလျက်ရှိရာ အခြေခံပညာကျောင်းပေါင်း ၃၃၆ ကျောင်းနှင့် ဘက ကျောင်း ၈ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၃၈၃ ဦးထိုးနှံပြီးစီး၍ ကျန်ရှိသည့် အခြေခံပညာကျောင်းများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ကျန်းမာရေးအရထိုးရန်မသင့်သည်များ၊ အစာမစားလာရသည့်ကလေးများအား အစာတစ်ခုကျွေးပြီး မှထိုးနှံရန်၊ ဖျားနာသည့်ကလေးများအား ကာကွယ်ဆေးမထိုးရန်နှင့် ကာကွယ်ဆေးထိုးပြီး ကလေးများအား နာရီဝက်အကြာကြည့်ရှုစောင့်ကြည့်ရန်မှာကြားခဲ့ကြောင်းသိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ (ပြန်/ဆက်)