တမူး ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉)နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိန်းနိုင်ဦး၊ ကျန်းမာရေးမှူး ဦးမျိုးလွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများမှ ကူညီဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးမထိုးနှံမှီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးခဲ့၍ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပေးခဲ့သည်။
တမူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို ဇွန်လ (၃)ရက်နေ့မှ ယနေ့ထိ ကျောင်းသား၊ ကျောင်းသူ (၁၁၅၂)ဦးတို့အား မိဘများ၏ သဘောတူညီမှုဖြင့် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဆေးထိုးရန်ကျန်ရှိ သည့် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကိုလည်း သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာ