ကျောက်ကြီး ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား ကျောင်းသူ များအား သတ်မှတ်စုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (5) Dose အား အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိသည်။
“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျောက်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများကိုဇွန်လ ၂ ရက်နေ့မှစတင်ပြီး ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ကျောက်ကြီးမြို့ အထကကျောင်း၊ အထက(ခွဲ) ပဲခူးရပ်ကျောင်း၊ မုန်းဒေသ အထကကျောင်း၊ ညောင်ပင်သာ အထကကျောင်း၊ နတ်သံကွင်းဒေသ အထကကျောင်းတို့တွင် စုရပ်ပြုလုပ်ပြီး အသက် (၅)နှစ်မှ (၁၂)နှစ် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (5) Dose အားလည်ကောင်း၊ အသက် (၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး Myancopharm (5) Dose အားလည်းကောင်း ပထမအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိပြီး၊ ဇွန်လ ၇ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၂၄၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍ ကာကွယ်ဆေးအား သတ်မှတ်စုရပ်များတွင် အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးနေမှု အခြေအနေအား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများက ကြည့်ရှုအားပေးခြင်း၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်