ပေါက်ခေါင်း ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား / ကျောင်းသူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဇွန်လ ၂ ရက်နေ့မှစတင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ ညနေအထိ မြို့နယ်အတွင်း အခြေခံပညာမူလတန်း၊ မူလတန်းလွန်၊ အလယ်တန်းကျောင်းနှင့် ဘုန်းတော်ကြီး ပညာရေးကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၈၄၆၅) ဦးတို့အား ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ / ဆရာမများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျကာကွယ်ဆေး ထိုးနှံပေးပြီး၊ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ရရှိမှသာ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဇွန်လ (၂) ရက်နေ့မှ (၆) ရက်နေ့ထိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးဖြစ်သည့် ကျောင်းသား / ကျောင်းသူ (၈၄၆၅) ဦးရှိပြီဖြစ်ရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူ (၈၇၂၂) ဦးရှိကြောင်းနှင့် ယနေ့ ဇွန်လ ၈ ရက်နေ့တွင်လည်း သက်ဆိုင်ရာ စာသင်ကျောင်းများတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်( ပြန်/ဆက်)