ကလိန်အောင် ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကာယ၊ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဉာဏစွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် စာဖတ် ပရိတ်သတ်များ တိုးပွားလာစေရန်၊ လူငယ်၊ လူရွယ်များ အာရုံစူးစိုက် လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်အတွက် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြခဲ့ပြီး ပြိုင်ပွဲကို အ-ထ-က ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်များအသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)