ပေါက်ခေါင်း ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်မည့် လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တင်ဒါရကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာတာဝန်ခံများ တွေဆုံ၍ လုပ်ငန်းများချပြရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများချပြရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင် ကကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပက်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့် အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်အေးမို့မို့ဝင်းတို့က ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများကို မိတ်ဆက်ရှင်းလင်းပြောကြားသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေများဖြင့် တင်ဒါရကုမ္ပဏီများဖြစ်သော ဟိန်းတေဇကုမ္ပဏီ၊ အိန်ဂျယ်မွန်းကုမ္ပဏီနှင့် မြင့်မိုရ်ထိပ်ထားကုမ္ပဏီများက တာဝန်ယူဆောင်ရွက်မည့် ဗောဓိကုန်းကျေးရွာ (ကုန်ထုတ်လမ်း)၊ ဆင်ဖြူကန်ကျေးရွာ (ကုန်ထုတ်လမ်း)နှင့် ကျေးရွာရေပေးရေး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ကျေးရွာတာဝန်ခံများက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့် ကုမ္ပဏီတာဝန်ရှိသူများက အသီးသီးပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)