စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

စစ်ကိုင်း ဇွန် ၈

စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများသည် ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယနေ့နံနက်ပိုင်းက ဆင်တပ်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များသည် ဆင်တပ်ကျေးရွာရှိ ရတနာဘုန်းတော်ကြီး ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်ကြကာ အနုမောဒနာတရာများနားကြားပြီး လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ဆက်လက်၍ ကျေးရွာပြည်သူများနှင့်တွေ့ဆုံကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က ကျေးရွာရှိ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့်အတူ လာရောက်ခြင်းဖြစ်ကြောင်း မိမိတို့ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဆွေးနွေးပေးကြဖို့ ပြောကြားရာ ကျေးရွာပြည်သူများက ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ထို့နောက် ကျေးရွာပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို လက်ဝယ်အရောက်ပေးအပ် ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနေမှုများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်