ပွင့်ဖြူ ဇွန် ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ စိုက်ပျိုးခဲ့သည့် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး သီးနှံပေါ်ချိန်တွင် ဈေးကောင်းရရှိရေး ဒေသခံတောင်သူများက မျှော်လင့်လျက်ရှိနေကြောင်း ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ ဒေသခံ တောင်သူ မျာထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြ ကြောင်းသိရကာ သီးနှံများစိုက်ပျိုးရာတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေ အကျိုးအမြတ် ရရှိစေမည့် ဈေးကွက်ဝင်သီးနှံများကို ရွေးချယ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ အဓိက စိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ နေကြာ၊ မြေပဲ၊ ပန်းနှမ်း၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ကုလားပဲ၊ ပဲကြီး၊ ပဲစင်းငုံ စသည့် သီးနှံများကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် ပဲတီစိမ်းသီးနှံစိုက်ခင်းများမှာ စိုက်ပျိုးရေ လုံလောက်စွာရရှိပြီး စနစ်တကျ စိုက်ပျိုးဆောင်ရွက်ခဲ့သဖြင့် အသီးသီးနှုန်းများ ကောင်းမွန်နေပြီး အောင်မြင် ဖြစ်ထွန်းလျက်ရှိနေကြောင်း သိရသည်။
"ကျွန်တော်တို့ဒေသမှာ တောင်သူအများစုက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို စနစ်တကျ အသုံးချပြီး (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပါတယ်။ အဓိက စိုက်ပျိုးတဲ့သီးနှံတွေက စပါး၊ နှမ်း၊ နေကြာ၊ မြေပဲ၊ ပန်းနှမ်း၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ကုလားပဲ၊ ပဲကြီး၊ ပဲစင်းငုံ၊ ဖူးစားပြောင်း၊ နှံစားပြောင်းတို့ ဖြစ်ပါတယ်။ အချို့တောင်သူတွေကတော့ သီးနှံ အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံများကို တွဲဖက်စိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုလည်း ရှိပါတယ်ဗျာ့။ ဒီနှစ်လည်း ကျွန်တော်တို့ တောင်သူတွေ စိုက်ပျိုးထားတဲ့ ပဲတီစိမ်းစိုက်ခင်းတွေဟာ အသီးအပွင့်တွေနဲ့ ဝေဆာနေပြီးတော့ အောင်မြင်ဖြစ်ထွန်းမှုကောင်းတယ်။ ဒါ့ကြောင့် ပဲတီစိမ်း သီးနှံစိုက်ခင်းတွေ လှိုင်လှိုင်သိမ်းဆည်းရချိန်မှာ ဈေးကောင်းရရှိဖို့အတွက် မျှော်လင့်မိပါတယ်" ဟု ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်း ကျေးရွာမှ ဒေသခံ တောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ -၂၀၂၃ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၆၉၀၉၄ ဧက၊ ဖူးစားပြောင်း ၉၈၀ ဧက၊ နှံစားပြောင်း ၂၁ ဧက၊ ပဲကြီး ၁၆၈၅ ဧက၊ ပဲစင်းငုံ ၆၃၆ ဧက၊ ပဲတီစိမ်း ၃၃၆၂ ဧက၊ အခြားပဲသီးနှံ ၃၀၈ ဧက၊ နှမ်း ၈၉၂၄ ဧက၊ မြေပဲ ၄၅၄ ဧက၊ နေကြာ ၂၈၇ ဧက၊ ဝါသီးနှံ(ခ.မ.ရ) ၂၄၄၉ ဧက၊ ကြံ ၈ ဧက၊ ထန်း ၂၂၂ ဧက၊ ကွမ်း ၅၂ ဧက၊ ငရုတ်စို ၅၇၆ ဧက၊ အခြားစားသုံးသီးနှံပင် ၃၈၅၈ ဧက၊ ပရဆေး ၂၅၇ ဧက၊ ကျွဲ၊ နွား တိရစ္ဆာန်အစာ ၃၀၂၀ ဧက၊ အခြားသီးနှံ စိုက်ပျိုးမှု ၈၃၂ ဧက၊ စုစုပေါင်း မိုးသီးနှံဧက ၉၇၀၂၅ ဧကလျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး ၏ စာရင်းအရ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)