ပွင့်ဖြူ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တောင်မုန်းမြောင်းမကြီးမြောင်းဘောင်လမ်း အရှည်ပေ ၂၂၀၂၀ ပေ အား ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် လမ်းအကျယ် ၁၀ ပေ ၊ မြေနီ ကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ တောင်မုန်းမြောင်းမကြီးမြောင်းဘောင်လမ်းအား ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာ နိုင်ရေးအတွက် မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေကျပ် ၄၇ သန်း ခွင့်ပြုချထားပေးပြီး လမ်းလုပ်ငန်းဆောင်ရွက်ခြင်းကို SHWE GROUP Co.LTD က တင်ဒါစနစ်ဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၅ ရက်နေ့က တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရပြီး လုပ်ငန်းများ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်နှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခု ဆောင်ရွက်နေသည့် တောင်မုန်းမြောင်းမကြီး မြောင်းဘောင်လမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် သစ်တော်ကျေးရွာ ၊ မင်းမြေကျေးရွာ ၊ မင်းလှကျေးရွာ ၊ ရွာထောင် ကျေးရွာ ၊ ထနောင်းကုန်းကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံကျေးလက်နေပြည်သူများ တစ်ရွာနှင့် တစ်ရွာ ရာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်မည့်အပြင် လယ်ယာစိုက်ပျိုးမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန် များကိုလည်း ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချသွားနိုင်မည်ဖြစ်၍ ဒေသ၏ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် များစွာအထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင် က ပြောကြားခဲ့သည်။
ရဲဝင်းနိုင် ( ညောင်ဦး )