မြောင်းမြ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus) ဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင် အများပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ ယမန်နေ့ နံနက်က အ.ထ.က(၃)ကျောင်း၊ အ.မ.က (ကြာဖူးငုံ) ကျောင်းနှင့် ကုမုဒြာစာကြည့်တိုက်သို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသစာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ အိမ်တိုင် ရာရောက် စာဖတ်သူများ လက်ဝယ်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
စာပေကို ချစ်မြတ်နိုးပြီး စာပေနှင့် မဝေးကွာလိုသူတို့ အဆင်ပြေစေရေး၊ ပြည်သူများ မိမိတို့ အိမ်ရှေ့အရောက် အချိန်မကုန် မပင်ပန်းစေဘဲ အဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကလေးငယ်များ အချိန်ကိုအကျိုးရှိစွာ စာပေလေ့လာနိုင်ရေးတို့ အတွက် Mobile Library Bus ဖြင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေးရ ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ် များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြ ခရိုင်ပြန်/ဆက်