ချောင်းသာ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက် ၉ နာရီက ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချောင်းသာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး၊ မီးသတ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့များက ဆိပ်ကြီး ကျေးရွာ အလယ်တန်းကျောင်းခွဲ၌ ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး အမှတ်(၁)အခြေခံပညာ မူလတန်း ကျောင်းတွင် ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဆရာ၊ ဆရာမများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မြို့သန့်ရှင်းသာယာလှပရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး၊ မိုးရာသီရေစီးရေလာ ကောင်းမွန်ရေး၊ ရပ်ကွက်/ကျေးရွာ လုံခြုံရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးမေးမြန်းပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)