အုတ်ဖို ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့က ဆင်ဂေါင်းကျေးရွာအုပ်စု၊ ရှားတောကွင်းကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပြီး ဘော်ဒိုးဆေးရည်နှင့် ဆေးရွက်ကြီးဆေးရည် စမ်းသပ်သရုပ်ပြခြင်းနှင့် မြေဆီလွှာစမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန့်က အဖွင့်အမှာစကား ပြောကြားရာ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရန် မိမိတို့အနေနဲ့ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများ အနေဖြင့် မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား လိုအပ်သည်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ အတန်းတူ လယ်ယာစနစ် နေကြာသီးညှပ် စိုက်ပျိုးရေးအကြောင်းတို့အား လည်းကောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အယ်လစ်စဘတ်ဝင်းရှိန်က သဘာဝမြေဩဇာများရရှိရန် ကျွဲနွားများကို လွှတ်ကြောင်းစနစ်မှ ခြံလှောင် မွေးမြူဖို့လိုအပ်ကြောင်းနှင့် တိရစ္ဆာန်အစာ လိုအပ်ချက်အတွက် တိရစ္ဆာန်အစာပင် (နေပီယာမြက်) စိုက်ပျိုးရန်လိုအပ်ကြောင်း အသိပညာပေး ဟောပြောပြီး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ လယ်ယာမြေအဆင့်မြှင့်တင်ရေး၊ လယ်ယာသုံး စက်ကိရိယာများ ထုတ်ယူအသုံးပြုမှုများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။ ထို့နောက် ဒေသခံတောင်သူများက သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး ဘော်ဒိုးဆေးရည်နှင့် ဆေးရွက်ကြီးဆေးရည် စမ်းသပ်သရုပ်ပြခြင်းနှင့် မြေဆီလွှာစမ်းသပ်ခြင်းများကို တစ်ပါတည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူ