ပုသိမ် စက်တင်ဘာ ၇
ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်ခြောက်ခု၌ သြဂုတ် ၃၁ ရက်နေ့ အထိ မိုးစပါး ၃၆၄၇၄၅၆ ဧကကို စိုက်ပျိုးပြီးစီးနေကြောင်းနှင့် အဆိုပါပမာဏသည် ယခင်နှစ်ကထက် ဧက ၁၃၇၇၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် စိုက်ပျိုးပြီးစီးမှုမှာ ပုသိမ်ခရိုင် ၇ မြို့နယ်တွင် ၇၄၅၃၅၃ ဧက၊ ဟင်္သာတခရိုင် ၆ မြို့နယ်တွင် ၅၃၀၃၄၆ ဧက၊ မြောင်းမြခရိုင် ၃ မြို့နယ်တွင် ၅၂၁၉၆၄ ဧက၊ လပွတ္တာခရိုင် ၂ မြို့နယ်တွင် ၅၈၉၉၂၄ ဧက၊ မအူပင်ခရိုင် ၄ မြို့နယ် တွင် ၉၈၈၄၅ ဧက၊ ဖျာပုံခရိုင် ၄ မြို့နယ်တွင် ၈၇၃၅၂၃ ဧကစိုက်ပျိုးပြီးစီးနေကြောင်း သိရသည်။
၎င်းအပြင် စိုက်ပျိုးမှုပုံသဏ္ဏန်များမှာ စိုက်ခင်း ၁၂၀၅၀၆၇ ဧက၊ ကြဲခင်း ၂၄၄၀၇၅၄ ဧက၊ အစေ့ချ ၁၆၃၅ ဧကဖြစ်ကြောင်း၊ ယခင် နှစ် သြဂုတ်လကုန်အထိ ၃၆၃၃၆၇၈ ဧကသာ စိုက်ပျိုးနိုင်ခဲ့ရာ ယခုနှစ်တွင် ၃၆၄၇၄၅၆ ဧကစိုက်ပျိုးနိုင်ခဲ့၍ ယခုနှစ်တွင် ၁၃၇၇၈ ဧက ပိုမိုစိုက်ပျိုးနိုင်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း စိုက်ပျိုးနေကြဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် မျိုးစေ့ထုတ်တောင်သူများကို မျိုးစပါးအတွက် ကုန်ကျစရိတ်နှင့် စိုက်ပျိုးစရိတ် ကုန်ကျငွေများကို ထောက်ပံခြင်း၊ မိုးစပါးရေကြီးနစ်မြှုပ်မှုကြောင့် စိုက်ဧကများ ပျက်စီးဆုံးရှုံးသော တောင်သူများကိုလည်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်းလည်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံထောင့် စုံက အကောင်အထည် ဖော်လျက်ရှိရာ မြေဆီလွှာဓာတ်ခွဲ စမ်းသပ်လေ့လာခြင်း၊ စံပြကွက်များ ဖော်ထုတ်ခြင်း၊ အထွက်တိုး မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးခြင်း၊ လယ်ယာဝန်ဆောင်မှု စင်တာများ တည်ထောင်ခြင်း၊ လက်မှုလယ်ယာမှ စနစ်ကျစက်မှုလယ်ယာစနစ်သို့ ပြောင်းလဲခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးတို့ကိုလည်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ မောင်မောင်မြင့်(ပြန်/ဆက်)