ဟုမ္မလင်း ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နေကြာနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒု- ဦးစီးမှူး ဦးမင်းမင်းဇော်က Projector ဖြင့်နေကြာနှင့် ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညားပေး ဆွေးနွေးပို့ချခဲ့ပြီး၊ ဒု-လ/ထ ဦးစီးမှူး ဒေါ်နွယ်နွယ်စိန်က ဆီထွက် သီးနှံမြေပဲ စိုက်ပျိုးသည့်နည်းစနစ်ကောင်းများ ပညာပေး ပို့ချခဲ့ပြီး၊ တက်ရောက်လာသော တောင်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တောင်သူများအား နေကြာမျိုးစေ့နှင့် ဟင်းသီး ဟင်းရွက်မျိုးစေ့များအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များ၊ ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာ (၆) ရွာမှတောင်သူ (၂၅) ဦး ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)