မုံရွာ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘဏ္ဍာရေးနှစ်အလိုက် ကောက်ခံရန်ကျန်ရှိသည့် ကြွေးကျန်များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကောက်ခံရမည့် အခွန်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ခန္တီးခရိုင်၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ များနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများအနေနဲ့ မိမိတို့ဆောင်ရွက်နေတဲ့ အခွန်အရပ်ရပ် လုပ်ငန်းများ အား သက်မှတ်ချက်ပြည့်မီအောင် ကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့နယ်များအသီးသီးတွင် တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများဆောင် ရွက်ရာတွင် အခြေအနေအရပ်ရပ်ကြောင့် နှောင့်နှေးကြန့်ကြာမှုများကိုလည်း သိရှိနားလည်သော်လည်း မိမိတို့၏ တာဝန်များကို လုံခြုံရေးအသိ၊ သတိတို့ဖြင့် ကျေပွန်အောင် ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါကြောင်း၊ ကောက်ခံရန်ကျန်ရှိသည့် အခွန်များနှင့် လျှပ်စစ်မီတာခများ ကောက်ခံရာတွင် သတင်းဆက်သွယ်မှုနည်းပညာများ တိုးချဲ့အသုံးပြုကာ စည်းရုံးဆောင်ရွက် သွားကြရန်နှင့် မိမိတို့တာဝန်ယူ ဆောင်ရွက်နေတဲ့ လုပ်ငန်းများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓါတ်ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးအရအဖွဲ့ အနေနဲ့လည်း လုပ်ငန်းများဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနများအလိုက် ဆောင်ရွက်လျက်ရှိသော အခွန်ကောက်ခံရရှိမှု အခြေအနေများ၊ ကောက်ခံရန်ကျန်ရှိသည့် အခွန်အကြွေးကျန်များ၊ လျှပ်စစ်မီတာခ ကောက်ခံနေမှုနှင့် ပေးသွင်းရန်ကျန်ရှိနေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ခန္တီးခရိုင်၊ ကန့်ဘလူခရိုင်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ အခွန်ကောက်ခံရရှိမှု အခြေအနေ များနှင့် ကောက်ခံရန်ကျန်ရှိသည့် အခွန်အကြွေး ကျန်များ၊ လျှပ်စစ်မီတာခများနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများအား Power Point များဖြင့် အသီးသီးရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက် လာသူများက လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် ဖြည့်စွက်အကြံပြု ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးတက်ရောက် လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)