သာယာဝတီမြို့နယ်၌ နိကာယ်စာမေးပွဲ(မဟာဝိဒူတန်း)စာမေးပွဲ ကျင်းပပြုလုပ်

သာယာဝတီ ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိကာယ်စာမေးပွဲ(မဟာဝိဒူတန်း)စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(သုံးဆယ်)တွင် ယနေ့မွန်းလွဲ ၁ နာရီက စတင်ကျင်းပ ပြုလုပ်လျက်ရှိကြောင်းသိရသည်။  

သာယာဝတီမြို့နယ်အတွင်း၌ ကျင်းပလျက်ရှိသော နိကာယ်စာမေးပွဲကို ဖြေဆိုကြသည့် စာဖြေသံဃာများသည် ပါရာဇိကကဏ္ဍာအဠကထာ၊ သီလက္ခန္ဓဝဂ္ဂအဠကထာ၊ မူလပဏ္ဍာသအဠကထာ၊ သံယုတ္တအဠကထာ၊ ဥဒါနအဠကထာ၊ က္ကုတိဝုတ္တကအဠကထာ၊ ပါထိကဝဂ္ဂအဠကထာအစရှိသည် ဘာသာများကို ဖြေဆိုသွားရမည်ဖြစ်ရာ နိကာယ်စာမေးပွဲကို နိကာယ်စာမေးပွဲကြီးကြပ်ရေးဥက္ကဋ္ဌဆရာတော်များ၊ မြို့နယ်သံဃနာယကတော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါနိကာယ်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာဖြေသံဃာတော်(၁၂၂)ပါး၊ သာမဏေ(၂)ပါး၊ သီလရှင်(၂၂)ပါး စုစုပေါင်း(၁၄၆)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်သာသနာရေးမှူးရုံးမှ သိရသည်။ 

သန့်ဇော် (ပြန်/ဆက်)