တောင်ငူ၌ ၂၀၂၂ ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲ  ပထမနေ့ စတင်ဖြေဆို

တောင်ငူ ဇွန် ၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၂ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို တောင်ငူမြို့ သာသနာ့ဟိတကာရီဗိမာန်တော်ကြီး စာဖြေဌာန၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပသည်။

ထိုသို့ကျင်းပရာ ယနေ့စာမေးပွဲပထမနေ့၌ အုပ်စုအလိုက် အုပ်စု ၁ မှ အုပ်စု ၉ အထိ ပါရာဇိကပါဠိ၊ သီလက္ခန္ဓဝဂ္ဂပါဠိ၊ မူလပဏ္ဏာသပါဠိ၊ သဂါထာဝဂ္ဂနိဒါနဝဂ္ဂသံယုတ္တပါဠိအုပ်စု၊ ဧကကမှ စတုက္ကနိပါတအထိ၊ ခုဒ္ဒကပါဌမှ သုတ္တနိပါတထိ၊ မဟာနိဒ္ဒေသပါဠိ၊ ဓမ္မသင်္ဂဏီပါဠိ၊ ဓာတုကထာ ပုဂ္ဂလပညတ္တိပါဠိတို့ကို ဖြေဆိုရာ စာဖြေသံဃာတော်များ သီလရှင်ဆရာကြီး၊ ဆရာလေး စုစုပေါင်း(၃၂၂) ဦး ဖြေဆိုကြသည်။

အဆိုပါစာမေးပွဲကို ၁၃၈၄ ခုနှစ်၊ နယုန်လဆန်း ၉ ရက်မှ ၁၃ ရက်အထိ (၂၀၂၂ ခုနှစ် ဇွန် ၇ ရက်မှ ၁၁ ရက်အထိ)ငါးရက်တိုင်တိုင် ဖြေဆိုကျင်းပမည်ဖြစ်ပြီး ကျမ်းစာအလိုက် သက်မှတ်ထားသည့် ရက်များအတိုင်း မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲ​ဖြေဆိုချိန်အတွင်း မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်အရှင်သူမြတ်များက ကြီးကြပ်တော်မူပြီး စာဖြေသံဃာတော်များ၏ ကျန်းမာရေးကိစ္စအဝဝကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊  သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)