ကသာမြို့၌ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကသာ ဇွန် ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားသည့် တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၂)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က  အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က တက်ရောက်အမှာစကားပြောကြားရာ သင်တန်းသားများအနေဖြင့် အခြေခံပစ္စည်းများကို အသုံးချပြီး အသေးစားလုပ်ငန်းမှတစ်ဆင့် စွန့်ဦးတီထွင်ကာ တဖြည်းဖြည်းတိုးတက်လာအောင် ဆောင်ရွက်ကြရန်၊ စားသုံးသူများအတွက် ထုပ်ပိုးမှုစနစ်ကောင်းမွန်စွာနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ကြရန်လိုအပ်ကြောင်း စသည်များကို တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များနှင့် ဒေသထွက်ကုန်ပစ္စည်းများကို အခြေခံ၍ တန်ဖိုးမြင့်စားသောက်ကုန်များ ထုတ်လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ရာ သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့သည်။

ထို့နောက် သင်တန်းသူတစ်ဦးမှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အဆိုပါသင်တန်းကို မေလ (၃၁)ရက်နေ့မှ ဇွန်လ (၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းတွင် ဦးစီးဌာနရှိ နည်းပြ (၂)ဦးတို့က မြို့ပေါ်ရပ်ကွက်များမှ သင်တန်းသား၊ သင်တန်းသူပေါင်း (၂၈)ဦးတို့အား သင်တန်းကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

နေခ (ပြန်/ဆက်)