ကြာအင်းဆိပ်ကြီးမြို့၌ မိသားစုတစ်ပိုင်တစ်နိုင် ကြက်မောက်သီးပင်စိုက်ပျိုးမှုကြောင့် အပိုဝင်ငွေများရရှိ

ကြာအင်းဆိပ်ကြီး ဇွန် ၇

ရာသီအလိုက်ထွက်ရှိသည့် စားသုံးသူများ ကြိုက်နှစ်သက်သောအသီးအနှံ ‌ကြက်မောက်သီးပင်အား မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုဖြင့် အသီးအနှံထွက်ရှိချိန်၌ အပိုဝင်ငွေများ ရရှိနိုင်ကြောင်းသိရသည်။ အဆိုပါကြက်မောက်သီးပင်အားကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် ယခင်ကစိုက်ပျိုးသူနည်းပါးသော်လည်း ယခုနှစ်များတွင် ဒေသခံများမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုများလာကြောင်း သိရသည်။

အဆိုပါ ကြက်မောက်သီးပင်အား အကိုင်းဆက် ပျိုးပင်တစ်ပင်လျှင် ငွေကျပ်(၃၀၀၀)ကျပ် ဖြင့်ပေးဝယ်ရပြီး စတင်စိုက်ပျိုးချိန်မှ သုံးနှစ်အကြာတွင် အပွင့်အသီးစတင်ထွက်လေ့ရှိပြီး လေးနှစ်မှငါးနှစ်အချိန်ကာလအတွင်း၌ လှိုင်လှိုင်သီး၍ထွက်ရှိပြီး ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့၌ ထွက်ရှိသည့်ကြက်မောက်သီးများအား ယခင်နှစ်များတွင် ၁ ကီလိုလျှင် ငွေကျပ်(၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချရရှိသော်လည်း ယခုနှစ်တွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုများလာခြင်း အသီးနှံထွက်ရှိမှုများလာခြင်းကြောင့် ၁ ကီလိုလျင် ငွေကျပ် (၁၀၀၀) ကျပ်သာရရှိပြီး ဝယ်ယူစားသုံးသူများအဆင်ပြေကာ တစ်ပိုင်တစ်နိုင် ကြက်မောက်သီးပင် စိုက်ပျိုးသူများမှာလည်း မိသားစုအပိုဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး