ငွေဆောင် စက်တင်ဘာ ၇
ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၇) နာရီက ပုသိမ်မြို့ ဖြူစင်မေတ္တာ လူမှုဖွံ့ဖြိုးတိုး တက်ရေးအသင်း၊ မေတ္တာဖောင်ဒေးရှင်း၊ ပြည်ကြီးခင်၊ ATAA၊ Irrawaddy CSOs Network တို့မှ ငွေဆောင်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ လိုက်လံ၍ အသိပညာပေး စာစောင်များ ဖြန့်ပေးဝေခြင်းနှင့် Mask Campaign လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုသိမ်- ငွေဆောင် ကားလမ်းဘေးရှိ ကျေးရွာများ၊ မြို့ပေါ် ရပ်ကွက် (၄) ခုနှင့် သဇင်ကျေးရွာအထိ သွားရောက်၍ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု မဖြစ်စေရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စား သောက်ကြရန် အသိပေးနှိုးဆော်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို ပြည်သူများ လိုက်နာကြစေရန် အသိပေး နှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပြည်သူများ လက်ဝယ်သို့ Mask အခု နှစ်ထောင်အား အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် ငွေဆောင်မြို့ ဌာနဆိုင်ရာများ၊ တိုက်နယ်ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ငွေဆောင်မြို့ အရပ်ဖက်အဖွဲ့အစည်းများမှ လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)