ပိုင်ကျုံမြို့၊ အ.ထ.က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ကွင်းဆင်းထိုးနှံ

ပိုင်ကျုံ ဇွန် ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်အေး ချမ်းသာစွာပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အ.ထ.က(ခွဲ)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဇွန်လ ၂ ရက်နေ့မှစတင်ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ပိုင်ကျုံ အ.ထ.ကကျောင်းတွင် (၁၃၀)ဦး၊ အ.လ.ကကစိုကျောင်းတွင်(၆၃၅)ဦး အ.ထ.က(ခွဲ) အထက်ပိုင်ကျုံတွင်(၂၉၀)ဦး စုစုပေါင်း (၁၀၅၅)ဦးထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးစုရပ်ဖြစ်သည့် အ.ထ.က(ခွဲ)အထက်ပိုင်ကျုံကျောင်းတွင် ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား/သူများအား ဇွန်လ ၈ ရက်နေ့တွင် ဆက်လက်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ကြီးကြပ်မှုဖြင့် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးသက်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများတို့ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)