မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်း ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲသို့တက်ရောက်၊ ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာအုပ်စု နွေနှမ်းစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှုအား ကြည်ရှုအားပေး

မကွေး ဇွန် ၇

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတည်ရှိရာ မန်းရွှေစက်တော်(၈)မိုင် အဝင်လမ်းအား သဘာဝရှုမျှော်ခင်းနှင့် မျက်စိပသာဒဖြစ်စေရေး၊ လမ်းဘေးဝဲယာ အရိပ်ရ၍ စိမ်းလန်းစိုပြေစေရေး၊ ပူပြင်းခြောက်သွေ့သော နွေရာသီတွင် အပူဒဏ်မှ ကာကွယ်နိုင်ရန်နှင့် ရာသီဥတု ပြောင်းလဲမှုအား လျော့နည်းသက်သာစေရေး၊ အများပြည်သူတို့မှ သစ်တောသစ်ပင်များ၏ သဘာဝပတ်ဝန်းကျင် အကျိုးပြုမှုများအား သိမြင်နိုင်စေရန် ရည်ရွယ်၍ ရွှေစက်တော်ဒေသ စိမ်းလန်းစိုပြေစေရေးအတွက် မိုးရာသီ သစ်ပင်စိုက်ပွဲကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်း ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲသို့  တက်ရောက်၍ ယခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးမည့် ခရေ၊ ရေတမာ၊ မယ်ဇယ်၊ သပြေဘူတ၊ ဖျောက်ဆိပ်၊ ယင်းမာနှင့်တမာ စသည့် သစ်ပင် ပေါင်း(၅၀၀)အား မန်းရွှေစက်တော်(၈)မိုင်လမ်း ဆင်စခန်းအနီး မြေကွက်လပ်တွင် စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေစက်တော်မန်းချောင်းအပန်းဖြေ ဆင်စခန်းသို့ ရောက်ရှိခဲ့ပြီး ရှင်းလင်းဆောင်တွင် သစ်ထုတ်လုပ်ရေး ဒုတိယအထွေထွေ မန်နေဂျာ ဦးမိုးမြင့်မှ ဆင်စခန်းစတင်ဖွင့်လှစ်ဆောင်ရွက်မှု အခြေနေ၊ သစ်တောနှင့် သစ်ပင် စိုက်ပျိုးမှု အခြေအနေနှင့် ဝန်ထမ်းများလုပ်ငန်း ဆောင်ရွက်မှု အခြေနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ုကြီးချူပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးပြီး၊ ဆင်စခန်းဝန်ထမ်း မိသားစုများမှ ကျောင်းနေအရွယ် သားသမီး(၁၂)ဦးအတွက် ကျောင်းအသုံးဆောင် ဝယ်ယူရန်တစ်ဦးလျှင် ငွေကျပ်(၁၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ကာ၊ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းရှိ ဆင်များ ကျွေးမွေးရန် အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့သည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာအုပ်စု ရှိ ကွင်းအမှတ်(၉၃၂) ဦးပိုင်အမှတ်(၁၅၁/၁၅၂)တောင်သူ ဦးမျိုးခိုင်နှင့် ဒေါ်ခင်မာရီတို့ စိုက်ပျိုးထားရှိသော ဆင်းရတနာ(၄)(၆၁)ရက်သားရှိ နွေနှမ်းစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှုအား ကြည်ရှုအားပေးကာ၊ ဒေသခံတောင်သူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် စိုက်ပျိုးရေး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်ဧကအထွက်နှုန်း တိုးတက်ရေး အတွက် လိုက်နာရမည့် အချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ ရာသီအလိုက်သီးနှံများ စိုက်ပျိုးဆောင်ရွက်ရာတွင် လိုအပ်ချက် တင်ပြခဲ့မှုများ အပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအနေဖြင့် နွေနှမ်းသီးနှံအား ၂၀၂၁-၂၀၂၂ ခုနှစ်တွင် (၁၁၉၃၈၁)ဧက  စိုက်ပျိုးထားရှိပြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ဆည်ရေသောက်ဧရိယာ (၄၄၁၃၁)ဧက၊ လျှပ်စစ် ရေတင်ဧရိယာတွင်(၈၀၈)ဧက၊ ရေစုပ်စက်ဖြင့်(၆၅၅၆)ဧကနှင့် မြေအောက်ရေ (၂၅၀၂) ဧက စသည့် ရေရရှိရေး နည်းလမ်း(၄)သွယ်ဖြင့် စုစုပေါင်းဧက(၅၃၉၉၇)ဧက စိုက်ပျိုးထားရှိကာ နွေနှမ်းသီးနှံအား ယခင် ၂၀၂၀-၂၀၂၁ ခုနှစ်ထက်(၁၆၃၇)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ