ထားဝယ် ဇွန် ၇
၂၀၂၁ - ၂ဝ၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရော်ဘာပင်အိုခုတ်လှဲ ခွင့်ရ တောင်သူများအား အထွက်ကောင်း ရော်ဘာပင်ပျိုများ အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် ရော်ဘာပျိုးပင်နှင့် ဒေသခံဥယျာဉ်ခြံရှင်များအတွက် ဥယျာဉ်ခြံသီးနှံများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဒေသခံတောင်သူများ အကျိုးစီးပွား အတွက်နိုင်ငံတော်အစိုးရနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီသော အထွက်ကောင်း ရော်ဘာပျိုးပင်များ၊ ဥယျာဉ်ခြံသီးနှံပျိုးပင်များ ထောက်ပံ့ရခြင်းဖြစ်ပါကြောင်း၊ ပျိုးပင်များလက်ခံရရှိသည့် တောင်သူများအနေဖြင့် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် စနစ်တကျစိုက်ပျိုး ဆောင်ရွက်ရန်၊ မိုးရာသီတွင်ရော်ဘာတောင်သူများ ဝင်ငွေနည်းပါးမည်ဖြစ်၍ ရော်ဘာပင်တန်းကြားကြားသီးနှံအဖြစ် ဥယျာဉ်ခြံသီးနှံပျိုးပင်များ ဖြန့်ဖြူးစိုက်ပျိုး စေခြင်းဖြင့် တစ်နှစ်ပတ်လုံး ဝင်ငွေရရှိရန်ရည်ရွယ်၍ ဖြန့်ဖြူးပေးရခြင်းဖြစ်ပါကြောင်း၊ ရော်ဘာအပင်အိုများ ခုတ်လှဲပြီးပါက ရော်ဘာအပင်ပျို အထွက်ကောင်းမျိုးများကို မဖြစ်မနေအစားထိုး စိုက်ပျိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသန်းထိုက်က ရေမြေဒေသနှင့် သက်တမ်းလွန်အပင်အို ရော်ဘာအစေ့ စိုက်မျိုးဟောင်းများနေရာတွင် ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းရော်ဘာမျိုးများအစားထိုး စိုက်ပျိုးခြင်းဖြင့် ရော်ဘာတစ်ဧက အထွက်နှုန်းတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တစ်ဧကအထွက်နှုန်းနှင့် ရော်ဘာသစ် အထွက်တိုးလာစေရန် ရော်ဘာနှင့်သီးညှပ်စိုက်ပျိုးနိုင်သည့် ဥယျာဉ်ခြံသီးနှံများအား တောင်သူများ စိုက်ပျိုးဆောင်ရွက်လာစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ဝန်ကြီးများက တက်ရောက်လာသော တောင်သူများအား ပျိုးပင်များပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)