သာယာဝတီ ဇွန် ၇
သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် မြင့်မားရေးအတွက် နည်းပညာပေး ဆွေးနွေးပွဲများကို ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် ဌာနဆိုင်ရာများက ဖိုးခေါင်ကျေးရွာနှင့် စံရွေးကျေးရွာများသို့ ကွင်းဆင်း၍ အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ နွေစပါးတိုးချဲ့စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကိုလည်း အားထည့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသနှင့်ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက်ပိုမို စိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍအလိုက် အသီးသီးဆွေးနွေးပြောကြားခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးပြုံးချိုက တောင်သူများအနေဖြင့် စပါးသီးနှံအပြင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း အပါအဝင် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးကြပါရန်နှင့် ဓာတ်မြေဩဇာအစား သဘာဝမြေဩဇာကို အစားထိုးသုံးစွဲကြပါရန်၊ အခြားဌာနများမှလည်း လယ်ယာမြေရေရရှိရေးနှင့် စိုက်ပျိုးရေပေးဝေမှု အခြေအနေများ၊ မွေးမြူရေးနှင့် နေဗီယာမြက်စိုက်ပျိုးရေး၊ လယ်ယာမြေအသုံးချမှုနှင့် လယ်ယာမြေ ဥပဒေများအကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးသက်ရောက်မှုများကို အသိပညာပေးခြင်း၊ ကာကွယ်ဆေး အမှန်တကယ်ထိုးနှံကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပေါင်းစပ်ညှီနှိုင်း ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ နည်းပညာပေး ဆွေးနွေးပွဲများကို သာယာဝတီမြို့နယ်အတွင်း တစ်လလျှင် ကျေးရွာ (၁၀) ရွာသို့ ကွင်းဆင်း၍ နည်းပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)