ဘားအံ ဇွန် ၇
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်းနှင့် အထက(၄)ကျောင်းလမ်း (မြို့ပတ်လမ်း)တို့ကို ချိတ်ဆက်သော အရှည် ၁၃၄၇ ပေ၊ အကျယ် ပေ(၅၀) မြေသားလမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်နှင့်တာဝန်ရှိသူများက မြေသားလမ်းသစ်ဖောက်လုပ်ပြီးစီးမှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားကာ အဆိုပါလမ်းကို ၂၄ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သော အမှတ်(၁) ရပ်ကွက်၊ ကန်သာယာပတ်လမ်းကျောက်စီမြေထိန်းနံရံ (၁၆၀၀)ပေတည်ဆောက်ခြင်းလုပ်ငန်း၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)အနီး ဈေးဆိုင်ခန်းတည်ဆောက်ခြင်းလုပ်ငန်း၊ ဘားအံ-ထုံးအိုင်ကားလမ်းမကြီး လမ်းဘေးဝဲယာတစ်လျောက် မြောင်းဖုံးပါအုတ်စီရေမြောင်းဆောင်ရွက်ခြင်းလုပ်ငန်းနှင့် သံလွင်တံတားထိပ်(ဘားအံဘက်ခြမ်း) သုံးမြှောင့်လမ်းဆုံအနီး ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)