ဘားအံမြို့နယ်တွင် သက်မွေးပညာရပ် ဂဟေဆက်နည်း သင်တန်းဖွင့်လှစ်

ဘားအံ ဇွန် ၇

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များဖန်တီး ပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဂဟေဆက်သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ဘားအံ)ခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် မိမိတို့၏ ပတ်ဝန်းကျင်တွင် နေ့စဉ်အသုံးပြုနေသော စက်ကိရိယာပစ္စည်းအမျိုးအစားထဲတွင် ပါဝင်သည့်အတွက် လက်တွေ့နယ်ပယ်တွင် အသုံးဝင်မည့်သင်တန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းတွင် လေ့လာဆည်းပူးရမည့် စာတွေ့၊ လက်တွေ့ပညာရပ်များကို ပိုမိုအကျိုးရှိစွာအသုံးချနိုင်ပါက မိသားစု ဝင်ငွေရရှိနိုင်သည့် ကိုယ်ပိုင်လုပ်ငန်းအဖြစ်ဖွင့်လှစ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား/သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပြီး ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်လွင်က သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြကာ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကြသည်။

ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးရည်ရွယ် ဖွင့်လှစ်သည့် ဂဟေဆက်သင်တန်းကို သင်တန်းသား/သူ ၂၀ ဦး တက်ရောက်ကြပြီး ဇွန်လ ၇ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့ထိ ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)