ဝေါမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဝေါ ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂ဝ၂၂ ခုနှစ်၊  မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်ပိုင်းက ကြာလဟာကျေးရွာအုပ်စု၊ ဦးမိုးစုကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင်များ၊  သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသူများအား ပျိုးပင်များပေးအပ်သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကြာလဟာကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှဆရာ/ဆရာမ၊ ကျောင်းသား / ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၃၀၀)ဦးခန့် တို့ဖြင့် မန်ဂျမ်ရှား၊  မယ်ဇလီ ၊ ပျဥ်းမ၊ မဟော်ဂနီ၊ ငုရွှေဝါ၊ စိန်ပန်းကြီး၊ ခရေ၊ ငုချယ်ရီစသည့် ပျိုးပင်ပေါင်း (၃၂၀) ပင်ကို စုပေါင်း စိုက်ပျိုးကြသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန် မှန်ကန်မျှတစေရန်နှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်စေရန်၊ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ရေးနှင့် ဇီဝမျိုးကွဲစုံ ကျေးငှက်တိရစ္ဆာန်များ မှီခိုကျက်စားနိုင်စေရန်ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)