ကြို့ပင်ကောက် ဇွန် ၇
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရန် ကျန်ရှိသူများအား ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
ကြို့ပင်ကောက်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်များ ရာနှုန်းပြည့် ဆောင်ရွက်ပေးပြီးခဲ့ကြောင်း လူဦးရေစာရင်းများအရ ပြောင်းဝင်၊ ပြောင်းထွက်၊ ခရီးလွန်၊ နာမကျန်း အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားစီစစ်ရေးကတ်ပြုလုပ်ရန် ကျန်ရှိနေသူများနှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း အသက် (၁၈)နှစ်ပြည့်မည့် ကလေး ၉၃၈ ယောက်ကိုလည်း နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးအား ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးခင်မောင်က ပြောသည်။
ဒေသခံပြည်သူများအနေဖြင့် လူမှုဘဝပြည့်စုံရန်အတွက် ဥပဒေအရ ကိုင်ဆောင်သင့်သော နိုင်ငံသား ကတ်ကိုင်ဆောင်နိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ရရှိရေးအတွက် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွင် လာရောက်လျောက်ထားနိုင်သလို နယ်လှည့်ကွင်းဆင်း ပြုလုပ်ပေးသည့် အခါများတွင်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ဇေယျာထွန်း