လေးမျက်နှာ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဝါးရုံချောင်းကျေးရွာအုပ်စု ကြာအင်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းအား (၃)နှစ်ပြည့်ပြီး ဖြစ်သောကြောင့် ကျေးရွာကော်မတီ အသစ်ပြန်လည်ရွေးချယ်ခြင်းကို ယနေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူမှ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ စီမံကိန်းရည်ရွယ်ချက်များ၊ စီမံကိန်း၏ အကျိူးကျေးဇူးများ၊ ကျေးလက်နေ ပြည်သူများ၏ ရပိုင်ခွင့်နှင့် တာဝန်များ၊ ကျေးလက်ဥပဒေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ခွင့်ရသော ကြာအင်းကျေးရွာတွင် ဆောင်ရွက်မည့် စီမံကိန်းအကြောင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီ ရွေးချယ်ရမည့်အချက်များကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များကို ဆန္ဒမဲစနစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရွေးချယ်ပေးကြသည်။ ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိူးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်သည့် ငွေအရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် စီမံကိန်းကျေးရွာ ၁၂ရွာထိ ရှိလာပြီဖြစ်ပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ကျော်ဟိန်း(ပြန်/ဆက်)