ရှမ်းရွာသစ် ဇွန် ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင် စေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈) နာရီအချိန်တွင် အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် စုပေါင်းပြုလုပ်ခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ကျွန်းပင်(၅၀)ပင်နှင့် မန်ဂျန်ရှားပင်(၅၀)ပင် စုစုပေါင်း (၁၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့သည်။
သစ်ပင်များကို စိုက်ပျိုးခြင်းဖြင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများကို ထိန်းသိမ်းကာကွယ်နိုင်မည့်အပြင် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နည်းပညာများအသုံးပြု၍ သဘာဝသယံဇာတများကို အလွန်အကျွံထုတ်ယူသုံးစွဲခြင်းနှင့် လူသားတို့၏လိုအပ်ချက်များအတွက် အကန့် အသတ်မဲ့စွာလုပ်ဆောင်မှုများကြောင့် အကျိုးဆက်အနေဖြင့် ကမ္ဘာကြီးပူနွေးလာမှုအန္တရာယ်များကိုပါ ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။
ဇင်လေး(ပြန်/ဆက်)