ပခုက္ကူ ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြရာ ၂၀၂၂ခုနှစ်၊ ဇွန်လ ၇ ရက်အထိ အသက် ၂ လမှ ၁၈ လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်စုစုပေါင်း နှစ်ထောင်ငါးရာကျော်တို့အား ထိုးနှံပြီးစီးကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေးဌာနခွဲ (၁)နှင့် (၂)တို့တွင် ဇွန်လ ၁ရက်နေ့မှ စတင်ပြီး အသက် (၂)လမှ (၁၈)အတွင်း ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်ရာ ဇွန်လ ၇ ရက်နေ့အထိ ကလေးငယ် (၂၃၀၄)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၂၀၆)ဦး၊ စုစုပေါင်း (၂၅၁၀)ဦးတို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာအုပ်စုများတွင် ဆေးထိုးစုရပ်နေရာ သတ်မှတ်ကာ နယ်မြေခံကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန် လှည့်လည်ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးရ သေးသည့် ကလေးငယ်များကို ဆေးထိုးစုရပ်နေရာများတွင် လာရောက်ထိုးနှံကြရန်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကျန်မာရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန်နှင့် ရောဂါလက္ခဏာတစ်ခုခုဖြစ်ပေါ်လာပါကဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံးသွားရောက်ပြသရန် လိုအပ်ကြောင်းတို့ကို အသိပညာပေးဆောင်ရွက်ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဘာမီသာ(ပခုက္ကူ)