ဟားခါး ဇွန် ၇
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၂)ကို ယမန်နေ့ ညနေ ၃ နာရီတွင် ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ စီးပွားရေးရာဝန်ကြီး ရုံးခန်း၌ ကျင်းပရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကားပြောကြားသည်။
စားသုံးသူကာကွယ်ရေးအကြောင်း လေ့လာရာတွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ဆောင်ရွက်နေတာကို တွေ့ရှိရပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ချန်လှပ်ထားလို့မရသည့် ကဏ္ဍဖြစ်သည်ကို တွေ့ရှိ ရကြောင်း၊ စားသုံးသူအခွင့်အရေး ကာကွယ်ရမည်ဆိုသည့် အကြောင်းကို အမေရိကန်သမ္မတ ဂျွန်အက်(ဖ) ကနေဒီ၏ ၁၉၆၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ပြောကြားသည့် မိန့်ခွန်းကနေ လူသိများလာခြင်းဖြစ်ပြီး အဲဒီ မတ်လ ၁၅ ရက်နေ့ကို ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်း၏ ဆောင်ရွက်ချက်များကို လေ့လာ ကြည့်ပါက တွေ့ရှိရသည့် အဓိကဆောင်ရွက်မှုအပိုင်း (၃) ပိုင်းမှာ အသိပညာပေးဟောပြောဆွေးနွေး ခြင်း၊ စားသုံးသူတိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဆောင်ရွက်ခြင်းဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲရာတွင် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းပြီး၊ လုံခြုံစိတ်ချမှု ရရှိလာမည်ဖြစ်သဖြင့် ယခု အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း ပိုမိုထိရောက်အောင်မြင်အောင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြပါစို့ လို့ တိုက်တွန်းကြောင်းဖြင့် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်စားသုံးသူရေးရာ ကော်မတီအတွင်းရေးမှူး ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် အစည်းအဝေးကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆွေးနွေးဆုံးဖြတ်ရမည့်အချက်ကို ဆွေးနွေး တင်ပြရာ တက်ရောက်လာကြည့်သည့် ကော်မတီဝင်များက ဝိုင်းဝန်းအကြုံပြု ဖြည့်စွက်ဆွေးနွေး ကြပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီကို စီးပွားရေးရာဝန်ကြီးဥက္ကဋ္ဌအဖြစ် ကော်မတီဝင် (၇) ဦး ဖြင့် နိုဝင်ဘာလမှ အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးကို အသစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ပထမအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်းနှင့် ကော်မတီအစည်းအဝေးကို (၁) လတစ်ကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)