ကော့သောင်း ဇွန် ၇
မြန်မာ-ထိုင်းနယ်စပ်ဂိတ်များ နှစ်နိုင်ငံအပြန်အလှန်ဖွင့်အပြီး ကော့သောင်းနယ်စပ်ဂိတ်တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများနှင့် လာရောက်လည်ပတ်မည့် ထိုင်းနိုင်ငံသားများအား ကိုဗစ-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကော့သောင်းခရိုင် ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက် ပိုင်းက သိရသည်။
မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်းရနောင်းနယ်စပ်ဂိတ်အား ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ ကူးသန်းသွားလာ ရောင်းဝယ်ဖောက်ကားကြသည့် မြန်မာနိုင်ငံသားများ မိမိနိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ရေဆိပ်စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသူများကို နှာခေါင်း၊အာခေါင်တို့ဖတ် (၁) ကြိမ် ရယူစစ်ဆေးကာ ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသူများကို (၂) ကြိမ်ရယူစစ်ဆေး၍ မိမိနေအိမ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှု (၃) ရက် ခံယူရမည်ဖြစ်သည်။ ကော့သောင်းမြို့သို့ လာရောက်လည်ပတ်ကြမည့် ထိုင်းနိုင်ငံသားများကိုလည်း အလားတူစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပေါင်းစပ်ကာ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ထိန်းချုပ်နိုင်ရေး အစီအစဉ်များအား သတိပြုကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်စိုး(ကော့သောင်း)