ပန်းတနော်မြို့၌ နေအိမ်မှ ပြင်ပသို့ထွက်ခွာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာကြရန် အသိပညာပေး လိုက်လံနှိုးဆော်

ပန်းတနော်၊ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်လျက် ရှိကြောင်း သိရသည်။

ပန်းတနော်မြို့အတွင်း အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့အတွင်းရှိ လမ်းဆုံနေရာများနှင့် လူစည်ကားရာ နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ် ရေး ညွှန်ကြားချက်များအား ကြေညာပေးခြင်း၊ နေအိမ်ပြင်ပမှ ထွက်ခွာရာ၌ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြစေရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့အပြင် ပန်းတနော်မြို့နယ် လူမှုကူညီရေးအသင်းမှ မြို့အတွင်းသွားလာနေသူများအား နှာခေါင်းစည်း (Mask) များကို လူတစ်ဦးလျှင် (၁) နှုန်းဖြင့် အခမဲ့ဝေငှ ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)