သာပေါင်း ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် မူလတန်းလုပ်ငန်းခွင်အကြို ဆရာ၊ ဆရာမများ ရက်တိုသင်တန်းကို သာပေါင်း အခြေခံပညာ အထက်တန်းကျောင်းရှိ သော်ကဆောင်ခန်းမ၌ ဇွန်လ ၄ ရက်နေ့မှ စတင်၍ ဖွင်လှစ်သင်ကြား ပို့ချပေးလျက်ရှိသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် မူလတန်း လုပ်ငန်းခွင်အကြို ဆရာ၊ ဆရာမများ ရက်တိုသင်တန်းသို့ ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က တတ်ရောက်တွေ့ဆုံ ဆွေးနွေးအမှာစကားပြောကြားပြီးနောက် မြို့နယ်ပညာရေး မှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်က သင်တန်းတတ်ရောက်လာကြသော သင်တန်းသား ဆရာ (၁၂)ဦး၊ သင်တန်းသူ ဆရာမ(၇၈)ဦး စုပေါင်း(၉၀)ဦးတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပြီး သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းနှင့် ပတ်သက်၍ သင်ယူမည့် ဆရာ၊ ဆရာမများ စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်ရေး၊ သင်ကြားသင်ယူမှု၏ ထိရောက်မှုကို နားလည်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကောင်းစွာ သင်ယူနိုင်စေရေး သိသင့်သိထိုက်သည့် သင်ကြား ပို့ချချက်များကို နာယူလိုက်နာကြပြီး ဆရာ၊ ဆရာမ စိတ်ဓါတ် နာ(၃)နာကို ခံယူကျင့်သုံးကာ အနာဂတ်ပညာရေး ကောင်းမွန်အောင် အားလုံးပူးပေါင်း၍ တာဝန်ကျရာ မည်သည့်နေရာဒေသ မဆို တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားခဲ့သည်။ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် မူလတန်းလုပ်ငန်းခွင်အကြို ဆရာ၊ ဆရာမများ ရက်တိုသင်တန်းကို သင်တန်းနည်းပြ ဆရာကြီး၊ ဆရာမကြီး(၄)ဦးတို့က ဇွန်လ ၄ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအချိန်အထိ ဆရာ ကျင့်ဝတ်၊ ပညာရေး မူဝါဒ၊ ဝန်ထမ်း ကျင့်ဝတ်/စည်းကမ်း၊ ဝန်ထမ်း ဥပဒေ/နည်းဥပဒေ၊ ဆရာ ကျင့်ဝတ်၊ သင်ရိုးသစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ပညာရည်စစ်ဆေးတိုင်တာခြင်း၊ မူလတန်း သင်ရိုးမိတ်ဆက်၊ ၂၁ ရာစု ကျွမ်းကျင်မှု၊ သင်ယူမှု ရလဒ်ကောင်းရရှိရေး၊ စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးရေး၊ သင်ကြားရေးဆိုင်ရာ မှတ်တမ်းများ၊ သင်ယူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးရေး၊ ပညာရေး အညွှန်းကိန်း၊ အသင်းအဖွဲ့များ မိဘရပ်ရွာများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ခွင့်အမျိုးအစားများ၊ ပညာရေးပြက္ခဒိန်ပါ လုပ်ငန်းများ၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ပင်စင် စသည့် သင်ခန်းစာများအား မူလတန်း လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းတွင် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်